နံနက်ခင်းဟာ ပုပ်စော်နံလို့
နံနက်ခင်းဟာ သစ်ကိုင်းကျိုးလို့
ဗိုက်ကြီးသည်တွေ ပေါလောမျောလို့
ယောက်ျားသားတွေ သဘောင်္မြုပ်လို့
ကလေးငယ်တွေ အမိုးလန်လို့
ဓာတ်ကြိုးတွေတောင် ဓာတ်မလိုက်နိုင်တော့ဘူး
လူတိုင်းဟာ တစ်သံတည်းထွက်နေပြီ
နံနက်ခင်းဟာ အကူအညီလိုနေပြီ
နံနက်ခင်းဟာ ပုပ်စော်နံနေပြီ
ခိုလေးတွေကို အစာပက်ကျွေးလိုက်ပါဦး
ပုပ်စော်နံတဲ့ နံနက်ခင်းဟာ ကမ္ဘာပျက်နေပြီ
ပုပ်စော်နံတဲ့ နံနက်ခင်းဟာ ကမ္ဘာပတ်နေပြီ
နာဂစ်ဟာ ငါတို့ရင်ထဲ ၀င်မွှေနေပြီ
ရှင်သူတွေက အလောင်းမဆယ်နိုင်ဘူး
ရှင်သူတွေက လူပျောက် မရှာနိုင်ဘူး
မသေသေးသူကလေးငယ်ဟာ အလောင်းကို ဖက်ပြီးမျောလို့
(မေခလာနဲ့တွေ့ပါစေသား)
ဒုက္ခသည်တွေ ပါးစပ်ဟလို့
ဒုက္ခသည်တွေ အသက်ရှုကြပ်လို့
ဒုက္ခသည်တွေ စုပုံထပ်လို့
နာဂစ်ဟာ သူတို့ရင်ထဲက မထွက်သေးဘူး
ကူညီမယ့်သူတွေ တံခါးဝမှာ တန်းစီနေပြီ
တံခါးဖွင့်ပေးလိုက်ပါ
ခုဆို
ငါထိုင်နေတဲ့ ကုလားထိုင်ဟာ တုန်ခါနေပြီ
ငါထိုင်နေတဲ့ စားပွဲဟာ တုန်ခါနေပြီ
ငါစားနေတဲ့ အီကြာကွေးဟာ တုန်ခါနေပြီ
ငါသောက်နေတဲ့ လက်ဖက်ရည်ဟာ တုန်ခါနေပြီ
ငါဝတ်ထားတဲ့ အင်္ကျီဟာ တုန်ခါနေပြီ
သောကဟာ ဒေါသကို ပွဲသိမ်းလိုက်ပြီ
ငါစားရမယ့် ထမင်းတစ်နပ်
ငါသောက်ရမယ့် ရေတစ်ခွက်
ငါဝတ်ရမယ့် အင်္ကျီတစ်ထည်
ငါအိပ်စက်ရမယ့် တစ်ညခင်း
ငါတို့ဟာ ဘာလို့ မပေးနိုင်ရမှာလဲ
ဒေါသကို သောက က ပွဲသိမ်းလိုက်ပြီ
ငါ့ရင်ထဲက အလံဟာ အမြင့်ဆုံးလွှင့်လို့
ရဲရဲနီတဲ့ အဖြူရောင်ဟာ အနက်ရောင်တောက်လို့
ငါတို့စားတဲ့ ထမင်းတစ်နပ်
ငါတို့သောက်တဲ့ ရေတစ်ခွက်
ငါတို့ဝတ်တဲ့ အင်္ကျီတစ်ထည်
ငါတို့အိပ်မယ့် တစ်ညခင်း
ငါတို့ဘာလို့ မပေးနိုင်ရမှာလဲ
ငါတို့ပါးပြင်ပေါ်စီးကျလာတဲ့ မေတ္တာတရားကို
ဘာလို့ သုတ်ပစ်ရမှာလဲ။
(ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒုက္ခသည်များရှိရာသို့ မိမိတို့ရဲ့ ကရုဏာနဲ့ ကိုယ်ချင်းစာတရားကို အရောက်ပို့ပေးကြပါ။)
Ko Yway
Tuesday, June 10, 2008
နာဂစ်အလွန်…တံခါးဖွင့်လိုက်
Posted by Ashin dhamma at 7:51 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment