Thursday, June 26, 2008

မြန်မာပြည်က အကြီးအကျယ်အားကိုးရာ သုံးခုကွက်စိပ်

တစ်ခါသော် မြန်မာပြည် ဘုရင်ရူးကြီး အောက်မှာ အမှုထမ်းရသော ... မောင် RU သည် ပြည်သူတွေက သူ့ကို လေးစား ခန့်ညားခြင်းကို အထူးခံရပေသည်။ ထို့ကြောင့် ... အမောင် RU သည် သူ့အား ပြည်သူတို့ လေးစား ခန့်ညားရခြင်း အကြောင်းကို စုံစမ်းချင်စိတ် ဖြစ်ပေါ်လာပါသတဲ့။ တတ်ထားတဲ့ ရုရှားက သင်လာတဲ့ ပညာကြောင့်လား။ တောင့်တင်းတဲ့ မိတ်ဆွေတွေကြောင့်လား။ ဘုန်းတော်ကြီး ဘုရား တပ်တော်မှ စစ်သားဖြစ်သောကြောင့်လား။ ချိတ်ထားတဲ့ သေနတ်ကြောင့်လားပေါ့လေ။ လားပေါင်းများစွာကို သူတွေးနေမိသတဲ့။

ဒီလိုနဲ့ အဖြေသိရစေရန်အတွက် ... ကြိုးပမ်းကြည့်ရန် စိတ်ကူးဖြစ်ပေါ်လာသတဲ့။ ဒီလိုနဲ့ အကြံပေါက်ပြီး စမ်းဖို့ ကြံစည်ပါသတဲ့။

ဒါနဲက သေနတ်ကို ခါးမှာ ချိတ်ပြီး သိပ်မထင်ရှားတဲ့ ရွှေဆိုင် (ထင်ရှားတဲ့ဆိုင်ဆိုလဲ သူဟိုထဲ တန်းရောက်သွားမှာပေါ့။) တစ်ခုကိုသွားပြီး ဘိုးတော်ဘုရား သားသမီးတွေ လုပ်သလို ပေါ်တင်ကြီး ပိုက်ဆံ မပေးပဲနဲ့ ရွှေထည် ပစ္စည်းတစ်ခုကို ယူပါသတဲ့။ ဆိုင်ရှင်ကတော့ ထောက်လှမ်းရေးလား၊ တပ်ကလား။ ဘာကောင်လဲမသိ ဆိုပြီး ခါးမှာ သေနတ်ချိတ်ထားတဲ့ အတွက် ဘာမှ မပြောရဲပဲနေသတဲ့။

ဒါနဲ့ အမောင် RU က တွေးသတဲ့။ အင်း .. သေနတ်က လေးစားခန့်ညားစေတယ်ဆိုတာ အမှန်ပေပဲ ဆိုပြီး သဘောတွေ ကျနေလေရဲ့ ။

နောက်တစ်ခေါက် စစ်ယူနီဖောင်းကို ၀တ်ပြီး သွားပြီး သွားပြီး ဗိုလ်ကျပြန်သတဲ့။ ဒီတစ်ကြိမ်မှာလဲ ... ဆိုင်ရှင်က ယူနီဖောင်းကို ကြည့်ပြီး မထိရဲပြန်ဘူး။

ဒါနဲ့ မောင် RU ကလဲ ယူနီဖောင်းဟာ လေးစားခန့်ညားမှုကို ပေးစွမ်းနိုင်သပဲလို့ ကျေနပ်စွာတွေးသတဲ့။

နောက်တစ်ကြိမ်ကျတော့ ... အပေါင်းအသင်း များစွာ ခေါ်သွားသတဲ့။ ခေါ်သွားသူတွေကလည်း စစ်သားတွေချည်းသာ ဖြစ်တာမို့ တစ်ခု ခုဆို စစ်ဖိနပ်နဲ့ ဖြတ်ကန်မယ်ဆိုတဲ့ ရုပ်တွေချည်းသာ ဖြစ်ပါသတဲ့။ ဒီတော့ လူမိုက်အုပ်ပဲဆိုပြီး ဆိုင်ရှင်က ဘာမှ မပြောရဲပဲ ကြည့်နေရ ပြန်ပါသတဲ့။

ဒါနဲ့ မောင် RU လည်း... အပေါင်းအသင်းများခြင်းဟာ ခန့်ညားစေသပဲ ဆိုပြီး ပျော်ရွှင်နေလေသတဲ့။ နောက်ဆုံး တစ်ခေါက်တော့ အရပ်ဝတ်နဲ့ သွားသတဲ့။ ပြီးတော့... ဆိုင်ရှင်ကို ...

“ ငါဟာ တိုင်းပြည်အတွက် ပညာကို ကြိုးပမ်းသင်ယူခဲ့ရသူ ဖြစ်တယ်။ ရွှေထည်ပစ္စည်းတစ်ခုပေးစမ်း” လို့ တောင်းပါသတဲ့။

အဲဒီ အချိန်မှာ ရှိနေတာက ဆိုင်ရှင် အဒေါ်ကြီးရဲ့တူ လူမိုက်တစ်ယောက်ပါတဲ့။ ဆိုင်ရှင်အဒေါ်ကြီးက လူမိုက်တွေ လာနှောက်ယှက်တယ် ဆိုပြီး ခေါ်ထားပါတာပါတဲ့။

ဖုန်း .. ဖုန်း .. ခွပ် .. ခွပ် ...

အသံတွေသာ နားထဲ ကြားမိလိုက်ပါသတဲ့။ သိန္ဓောမြင်းကောင်ရေ ၁ သိန်းလောက် ဖြတ်ပြေးသွားတဲ့ အသံအတိုင်းပါပဲတဲ့။ ဆိုင်မှာ ထိုင်နေတဲ့ လူမိုက်အပြင် ထိုသူမိုက်ခေါ်ထားသော အခြားလူမိုက်များကပါ ချက်ခြင်းရောက်လာပြီး သမလိုက်ခြင်းပေတည်း။

အမောင် RU သတိ ပြန်ရခဲ့ အချိန်မှာ ရဲစခန်းကို ရောက်နေပြီ ဖြစ်ပါသတဲ့။ ဒီလိုနဲ့ အမောင် RU လဲ လက်နက်ကြီးတွေ သုံးရတော့တာ ပေါ့လေ။ ကျနော် ဘယ်တပ်က ဘယ်သူပါပေါ့လေ။ ဒီတော့ ရဲတွေကလဲ မဖမ်းရဲပဲ တပ်က ဆိုင်ရာ လူကြီးတွေ ဆီကို ဖုန်းဆက်ရပါသတဲ့။

ဒီလိုနဲ့ တပ်မှ လူတွေ လာထုတ်ပြီးနောက် ... ဟိုးလေး တကျော်ကျော်ဖြစ်သွားတဲ့ အမှုအတွက် အမောင် RU ဟာ ဘုန်းတော်ကြီးဘုရား က ဆင့်ခေါ်ခြင်းခံရတဲ့ အတွက် နေပြည်တော်ကို သွားရပါသတဲ့။ နေပြည်တော်ရောက်တော့ ဘုန်းတော်ကြီး ဘုရားက မေးသတဲ့။

“အမောင်စစ်သည် .. အဘယ်ကြောင့် ထိုမျှပြောင်ပြောင် တင်းတင်း ခိုးမှုကို ကျူးလွန်ရသလဲ .. မှန်မှန်လေး ခိုးစားလဲ ရနေလျှက်နဲ့ အမောင် အတော် လောဘကြီးသကိုး။”

အမောင် RU ကြောက်စိတ်က ငယ်ထိပ်ကို တက်ဆောင့်သတဲ့။ ဘုန်းတော်ကြီး ဘုရားကိုယ်တော်တိုင်က အထင်လွဲနေပြီကိုး။ ဒါနဲ့ ပြာပြာ သလဲ လျှောက်သတဲ့။

“ဘုန်းတော်ကြီး ဘုရားခင်ဗျာ။ ကျွန်တော်မျိုး ဤအမှုကို ကျူးလွန်ချင်လို့ ကျူးလွန်ခြင်း မဟုတ်ပါ ဘုရား။ စမ်းသပ်ခြင်းမျှသာ ဖြစ်ပါသည် ဘုရား။ သနားသဖြင့် လျှောက်တင်ခွင့်ပြုပါ ဘုရား။”

ဘုန်းတော်ကြီး ဘုရားကလည်း နည်းနည်းတော့ ပေါက်သွားသတဲ့။ သို့သော် စစ်သားတွေအပေါ် ကျွန်ဝယ်သားလို ကြင်နာတဲ့ အတိုင်း ခပ်ဆတ်ဆတ် ဒေါသနဲ့ မိန့်ပါသတဲ့။

“ တယ်ရှုပ်တဲ့ ကောင်ကိုးကွဲ့။ အမြန်တင်စေ မောင်မင်း။ SPA သွားရဦးမယ်ကွဲ့။”

ဒီတော့မှ အမောင် RU လည်း အသက်ရှူချောင်သွားပြီး .. လျှောက်သတဲ့။

“မှန်လှပါ ဘုန်းတော်ကြီးဘုရား။ ကျွန်တော်မျိုးသည် ကျွန်တော်မျိုးအား လူတွေက အဘယ်ကြောင့် ရိုသေခန့်ညားခြင်း ရှိသနည်းဟု သိချင်၍ စမ်းသပ်ခြင်းမျှသာ ဖြစ်ပါတယ် ဘုရား။ ပထမအကြိမ် ကျွန်တော်မျိုး သေနတ်နဲ့ သွားရာတွင် ရိုသေခန့်ညားပါသည် အရှင်မင်း မြတ်။ ဒုတိယအကြိမ် စစ်ယူနီဖောင်းနဲ့ သွားသောကြောင့် ဗြောင်ယူခြင်းကို ဆိုင်ရှင်မှ မပြောရဲခဲ့။”

“တိုတိုနဲ့ လိုရင်းလျှောက် ဆိုတယ် မဟုတ်လား မောင်မင်း။ နန္ဒာလေး စောင့်နေပြီကွဲ့။ တယ်ရှည်တဲ့ မိချောင်းသားပေပဲ။”

ဘုန်းတော်ကြီးဘုရားက ရာဇမာန်နဲ့ မိန့်တော်မူ၏။ အမောင် RU လေးလဲ ကြောက်သွားသည်ဖြစ်၍ အမြန်ပြောလေသတည်း။

“မှန်လှပါ ဘုန်းတော်ကြီး ဘုရား။ ကျွန်တော်မျိုး၏ စမ်းသပ်မှုအရ မြန်မာပြည်တွင် ကျွန်တော်မျိုး သင်ယူထားသော ပညာသည် ကျွန် တော်မျိုးအား အကျိုးမပြုနိုင် ....။ သေနတ် .. စစ်ယူနီဖောင်း .. လူမိုက်အပေါင်း အပေါ်ကသာ အကျိုးပြုနိုင်ကြောင်းကို ကျွန်တော်မျိုး ကောင်းကောင်း သိသွားပါပြီ အရှင်မင်းမြတ်.. ကျွန်တော်မျိုးကို သနားသောအားဖြင့် တပ်တော်၌ အမှုဆက်ထမ်းခွင့် ပြုတော်မူပါ ဘုရား။”

ဘုန်းတော်ကြီးဘုရားက မိန့်မိန့်ကြီး ပြုံး၏။ ထို့နောက် ရင်ဝယ်သားလေးလို စစ်သည်လေးအပေါ် အကြင်နာတရားနဲ့ မိန့်ကြားသတဲ့။

“ အမောင်စစ်သည်မို့ ဒါကို ဦးနှောက်မဲ့စွာ စမ်းသပ်လေတယ်။ အမောင်စစ်သည် ပညာတွေ သင်ထားသော်လည်း ဆယ်တန်းမအောင် သော ငါ့အား ရှိခိုးနေရခြင်းကို ထောက်၍ အမောင်စစ်သည် နားလည်သင့်လှ၏။ အမောင်ကား ဥာဏ်နည်းလေစွ။ ငါကား အ၀ီစိဆုပန် မင်းတရား ဖြစ်သည်နဲ့ အညီ လူမိုက်အပေါင်းအား ခွင့်လွှတ် လက်ကိုင်တုတ် ပြုပေမည်။ ၀န်ကြီးများ .. ဤသူငယ်အား ရာထူးတိုးပေး၍ တပ်တော်၌ အမှုထမ်းခွင့်ပေးစေ မောင်မင်းများ။”

ရှိရှိသမျှ ၀န်ကြီးများ။ ။ သင့်တော် မှန်ကန်လှကြောင်းပါ ဘုရား။

ထို့နောက် ဘုန်းတော်ကြီးဘုရားသည် မဟုတ်တရုတ်များလုပ်ရန် အတွင်းတော်သို့ ၀င်တော်မူလေသတည်း။

အမောင် RU ကား သူ၏ တွေ့ရှိချက်အား ၀မ်းမြောက်ဝမ်းသာဖြစ်လျှက် ရာထူးတိုးပေးသော ဌာနသို့ ပြောင်းရန် ပြင်ဆင်လေတော့ သတည်း။

ဆိုင်ရှင်သည် ရှေးအတိတ်ဘ၀က အမောင် RU ပေါ် အကြွေးတင်ဖူးသဖြင့် ရွှေထည်ပစ္စည်း သုံးခုသည်လည်း ဆိုင်ရှင်ထံ ပြန်မရောက် တော့ပေတကား။

နေနတ်နွယ်။ ။ မင်းကွက်စိပ်ကလည်း လူမိုက်အားပေးပါလားကွာ။

တော့ကီ။ ။ ဟုတ်နေတာပဲလေ။ ဒါကြောင့်မို့ ငါတို့နိုင်ငံမှာ လူကောင်း ပညာတတ်တွေ မရှိတော့တာပေါ့။ လူမိုက်သာ စားသာတဲ့ နေရာမို့ လူလိမ္မာတွေ အကုန် ထွက်ပြေးကုန်ပေါ့ သားရယ်။

နေနတ်နွယ်။ ။ မှန်၏။ မှန်၏။ နဖူးကို ခဲမှန်သလို သွေးထွက်အောင်မှန်၏။ နောက်တခါ ငါ့အလှည့်ပေါ့ကွာ။

နေနတ်နွယ်မှတင်ပြသည်။

0 comments: