Friday, June 20, 2008

မြန်မာပြည်ကမိခင်နှင့်သားသမီးတွေပြန်လည်ဆုံဆည်းနိုင်ပါ့မလား




(၁)
ညနက်သန်းခေါင်မှာကျွန်မအိပ်ယာကနိုးလာပါတယ်။
အမှန်တော့အိပ်မက်ထဲမှာကျွန်မနိုးလားတာပါ။
ပန်းခြံလေးတခုထဲမှာသမီးလေးနှင့်ကျွန်မ
တူတူပုန်းတမ်းကစားနေပါတယ်။ကျွန်မကပုန်းနေပြီး
သမီးလေးကလိုက်ရှာနေပါတယ်။
သစ်ပင်တစ်ပင်ရဲ့နောက်ကွယ်ကနေသမီးလေးကကို
ကျွန်မကြည့်နေမိပါတယ်။မျက်နှာချိုသာလှတဲ့အပြုံးကလေးနဲ့
အလွန်ချစ်စရာကောင်းလှတဲ့သမီးလေးဟာကျွန်မကို
ပျော်ရွှင်စွာနဲ့ကြိုးစားပန်းစားလိုက်ရှာနေပါတယ်။
ကျွန်မဆက်မပုန်းနိုင်တော့ပါဘူး။သမီးလေးကျွန်မကို
မြန်မြန်ရှာတွေ့စေလိုပါတယ်။သမီးလေးကိုကျွန်မ
လက်နှစ်ဖက်နဲ့ပွေ့ဖက်ပြီးသူမမျက်နှာလေးကို
ထပ်ခါထပ်ခါမွှေးမွှေးပေးလိုက်ချင်ပါတော့တယ်။
သမီးလေးကိုကျွန်မထွက်ပြမယ်လို့ဟန်ပြင်လိုက်ပါတယ်။
ဒါပေမဲ့သမီးလေးနားကအရိပ်ထဲမှာကုတ်အကျီင်္အနက်
ဝတ်ထားပြီးမျက်နှာသေနဲ့ရုပ်ဆိုးကြမ်းတမ်းလှတဲ့
လူသုံးယောက်ကိုရုတ်ခြည်းတွေ့လိုက်ရပါတယ်။
ကျွန်မနောက်ဆုတ်လိုက်ရပါတယ်။
ကျွန်မကိုသမီးလေးရှာတွေ့စေလိုပေမဲ့သူတို့ကိုတော့ရှာမတွေ့စေလိုပါဘူး။
အပြစ်ကင်းစင်လှတဲ့အပြုံးလေးနဲ့ကျွန်မကိုလိုက်ရှာနေတဲ့
သမီးလေးကိုကျွန်မမြင်နေရပါတယ်။
“အို--ကျွန်မဘယ်လိုမှပုန်းအောင်းမနေနိုင်တော့ပါဘူး။အို--သမီးမေမေပုန်းမနေနိုင်တော့ဘူးကွယ်၊
ပစ်ချလိုက်ပါတော့တယ်။
ကျွန်မလည်းအိပ်မက်ဆိုးကနေလန့်နိုးလာခဲ့ပြီးကျွန်မပါးပြင်မှာမျက်ရည်စက်တချို့နဲ့။

(၂)
ကျမသမီးလေးကိုခွဲခွာနေရတာခုဆိုရင်ဆယ်လနီးပါရှိလာပါပြီ။
ပြီးခဲ့တဲ့နှစ်သြဂုတ်လမှာကျမတို့အိမ်တံခါးကိုညနက်သန်းခေါင
လာခေါက်တဲ့အသံကကျမတို့ရဲ့ဘ၀တွေကိုကြေကွဲဖွယ်ပြောင်းလဲစေခဲ့ပါတယ်။
ကျမအမျိုးသားကိုဂျင်မီလို့အသိများကြတဲ့ကိုကျော်မင်းယုကို
စစ်အာဏာရှင်တိုရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက၂၀၀၇ခုနှစ်သြဂုတ်လ၂၁ရက်
နေ့ညမှာခေါ်ဆောင်သွားပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်းတွေနှင့်နိုင်ငံရေးအကျဉ်းသား
တွေစုစည်းထားပြီး”၈၈မျိုးဆက်ကျောင်းသားများ”လို့ခေါ်တဲ့ထင်ရှားတဲ့
အတိုက်အခံအုပ်စုမှာသူဟာခေါင်းဆောင်တယောက်ဖြစ်ပါတယ်။
သူနှင့်အခြားခေါင်းဆောင်များကိုသူတို့ရဲ့အိမ်တွေကနေ
ထိုညမှာပဲအာဏာပိုင်များကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မတည်ငြိမ်မှုများဖြစ်အောင်ဖန်တီးနေပြီးအုံးကြွမှုဖြစ်အောင်
လှုံ့ဆော်ခဲ့တယ်လို့သူတို့အပေါ်အာဏာပိုင်တွေကစွပ်စွဲခဲ့ပါတယ်။
ကျမကိုယ်တိုင်ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဖူးပြီး
နိုင်ငံရေးအကျဉ်းသားလည်းဖြစ်ဖူးတာမို့
ကျမအမျိုးသားနှင့်သူ့အပေါင်းအသင်းတွေဟာ
စစ်အာဏာပိုင်တွေရဲ့စစ်ကြောရေးစခန်းတွေမှာ
ဘယ်လောက်အထိနှိပ်စက်ညဉ်းပန်းခံရမယ်ဆိုတာ
ကျမကောင်းကောင်းသိရှိနေပါတယ်။
ဒါကြောင့်ကျမကိုဖမ်းဖို့သူတို့နောက်တခေါက်လာတဲ့အချိန်မှာ
ကျမဟာသမီးလေးနဲ့အတူထွက်ပြေးပုန်းအောင်းခဲ့ရပါတယ်။
မြန်မာပြည်မှာလွတ်လပ်မှု၊တရားမျှတမှုနှင့်ဒီမိုကရေစီ
ပေါ်ထွန်းရေးအတွက်အခြားရဲဘော်ရဲဘက်များ
နှင့်အတူ”၈၈မျိုးဆက်ကျောင်းသားများ”ကိုဦးဆောင်
လှုပ်ရှားမှုတွေကိုကျမတို့ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ကျမအဖမ်းမခံရပါဘူး။
ဒါပေမဲ့ပုန်းအောင်းဖို့အတွက်တနေရာကနေ
တနေရာကိုလျှို့ဝှက်ပြောင်းရွှေ့ရတာဟာအလွန်တရာခက်ခဲပြီး
အသည်းထိတ်စရာပါပဲ။ဒီးဒုက္ခတွေကိုကျမသမီးလေးလည်းမျှဝေ
ခံစားနေရတာကျမမကြည့်ရက်တော့ပါဘူး။ဒါကြောင့်သြဂုတ်လကုန်မှာတော့
ကျမရဲ့သုံးလအရွယ်သမီးငယ်ကိုကျမမိဘတွေဆီပြန်ပို့ထားဖို့ဆုံးဖြတ်
လိုက်ရပါတယ်။ယခုအချိန်မှာကျမသမီးလေးကိုအရမ်းလွမ်းနေပါတယ်။

(၃)
မိမိအိမ်မှာနှစ်ပေါင်းများစွာအထိန်းသိမ်းခံနေရတဲ့
အန်တီရှိရာတက္ကသိုလ်ရိပ်သာလမ်းကိုကျမရဲ့စိတ်တွေပျံ့လွင့်သွားပါတယ်။
ကမ္ဘာကြီးတွင်တစ်ဦးတည်းသောအကျဉ်းကျခံငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၉ရက်သူမရဲ့(၆၃)နှစ်မြောက်မွေးနေ့ကို
အထိန်းသိမ်းခံဘ၀နဲ့တဦးတည်းကုန်ဆုံးရတော့မှာဖြစ်ပါတယ်။
သူမ(အန်တီ)လည်းသားနှစ်ယောက်ကိုသတိရမှာပါပဲ။
သူမ(အန်တီ)ရဲ့စိတ်ဓာတ်အင်အားကြံ့ခိုင်မှုနှင့်ခိုင်မာတည်ကြည်
တဲ့စိတ်ပိုင်းဖြတ်မှုတွေဟာကျမကိုယ်တိုင်နှင့်မြန်မာပြည်က
အမျိုးသမီးများစွာကိုတရာမျှတမှုအတွက်ရပ်တည်လာကြဖို့လမ်းပြကူညီခဲ့ပါတယ်။
ကျမတိုရဲ့လှုပ်ရှားမှုကိုခေါင်းဆောင်မှုပေးခဲ့ပြီး
သူမ(အန်တီ)ရဲ့သမီးတွေသားတွေကိုဖြစ်နေတာမို့
သူမ(အန်တီ)လည်းကျမတို့ကိုသတိရနေမှာပါ။
ကျမတို့တိုင်းပြည်ကိုအင်အားတွေခြိမ်းခြောက်မှုတွေ
အွကြမ်းဖက်မှုတွေသုံးပြီးအုပ်ချုပ်နေတဲ့စစ်တပ်ကြောင့်မြန်မာပြည်က
မိခင်တွေနဲ့ကလေးတွေဟာအတင်းအဓမ္မခွဲခွာခြင်းခံနေကြရတယ်။
(၀မ်းနည်းစွာဖြင့်ကွဲကွားနေကြရတယ်)ဆိုတာကိုသူမ(အန်တီ)ရဲ့အဖြစ်
အပျက်တွေကကမ္ဘာသိအောင်မီးမောင်းထိုးပြနေပါတယ်။
(အန်တီဟာကမ္ဘာကိုသတိပေးနေသလိုပါပဲ။)
ငြိမ်းချမ်းသောနည်းလမ်းဖြင့်လွတ်လပ်မှု၊တရားမျှတမှုနှင့်
ဒီမိုကရေစီရေးအတွက်ယုံကြည်ချက်ခိုင်မာတဲ့သူတို့ရဲ့ပြင်းပြတဲ့
ဆန္ဒတွေကြောင့်မြန်မာပြည်ကမိခင်ပေါင်းထောင်ပေါင်းများစွာဟာ
အသတ်ခံကြရ၊ထောင်ချခံကြရ၊ညဉ်းပန်းနှိပ်စက်ခံကြရ၊တိုင်းပြည်ကနေ
စွန့်ခွာထွက်ပြေးကြရ၊ပုန်းအောင်းနေကြရတာတွေရှိပါတယ်။

(၄)
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊၂၀၀၈-ခုနှစ်ဇွန်လ၁၉-ရက်နေ့မှာနယူးယောက်ရှိ
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်
”အမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေး”ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ
တခုကိုကျင်းပပါတော့မယ်။၂၀၀၀ခုနှစ်အောက်တိုဘာလကတညီတ
ညွတ်တည်းဆုံးဖြတ်ခဲ့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်
အမှတ်၁၃၂၅ကိုအခြေခံပြီးနှစ်စဉ်ပြုလုပ်တဲ့ဆွေးနွေးပွဲပါ။
အဲဒီဆုံးဖြတ်ချက်မှာ
လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့်အခြေအနေများတွင်
လိင်ကွဲပြားမှုအပေါ်အခြေခံသည့်အကြမ်းဖက်မှုများ
အထူးသဖြင့်မုဒိမ်းကျင့်ခြင်း၊အခြားသောပုံစံမျိုးဖြင့်လိင်ပိုင်းဆိုင်ရာ
မတရားပြုကျင့်မှုများနှင့်အခြားပုံစံအမျိုးမျိုးသောအကြမ်းဖက်မှုများ
အားလုံးမှအမျိုးသမီးများနှင့်မိန်းခလေးများအားအကာအကွယ်ပေး
နိုင်ရေးအတွက်အထူးအရေးယူဆောင်ရွက်မှုများကိုပြုလုပ်ရန်လက်နက်
ကိုင်ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်းများအားလုံးကို
တိုက်တွန်းသည်။
အမျိုးသမီးများနှင့်မိန်းခလေးများအပေါ်တွင်လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်ခြင်းနှင့်ဆိုင်သည့်အမှုများအပါအ၀င်စစ်ရာဇ၀တ်မှုများ၊
လူသားမဆန်သည့်ရာဇ၀တ်မှုများ၊လူမျိုးစုသုတ်သင်သည့်ရာဇ၀တ်
မှုများအတွက်တာဝန်ရှိသူများ၊ကျူးလွန်သူများအားဥပဒေမှ
ကင်းလွတ်ခွင့်ပေးခြင်းမျိုးကိုကိုအဆုံးသတ်စေပြီးဥပဒေကြောင်းအရအရေးယူမည်။
ထိုကဲ့သို့အရေးယူဆောင်ရွက်ရန်အတွက်အဆင့်ဆင့်
တာဝန်ရှိသူများအားလုံးအနေဖြင့်တာဝန်ရှိနေကြောင်းကို
အလေးအနက်ပြုထားစေလိုသည်။သို့အတွက်ကြောင့်လွတ်ငြိမ်းချမ်းသာခွင့်
ဥပဒေကြောင်းများအရသက်သာပိုင်ခွင့်များပေးရာတွင်အထက်ပါရာဇ၀တ်
မှုများအကျုံးဝင်ခြင်းမရှိစေရန်အတွက်လိုအပ်ကြောင်းအလေးအနက်
ထောက်ပြလိုသည်။
ထိုဆွေးနွေးပွဲတွင်သဘာပတိအဖြစ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဒေါက်တာကွန်ဒိုလီဇာရိုက်စ်ဆောင်ရွက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အမျိုး
သမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ကမ္ဘာ့ခေါင်းဆောင်တွေ
အများအပြားပါဝင်ဆွေးနွေးကြပါလိမ့်မယ်။သူတို့တွေမြန်မာပြည်ကိစ္စကို
ဆွေးနွေးကြပါ့မလား။စစ်အာဏာရှင်တွေ့ရဲ့ပုံစံအမျိုးမျိုးသောမတရားပြုကျင့်မှု
ဒဏ်တွေကိုခံစားနေကြရတဲ့မြန်မာအမျိုးသမီးတွေနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသူတို့တွေ
အမှတ်ရကြပါ့မလား။

(၅)
ယနေ့အချိန်အခါတွင်ပဋိပက္ခနှစ်ခုမြန်မာနိုင်ငံမှာရှိပါတယ်။
တခုကတော့မြန်မာနိုင်ငံရဲ့အရှေ့ဖက်ခြမ်းမှာအများဆုံးဖြစ်ပျက်နေသော
တပ်မတော်နှင့်တိုင်ရင်းအတိုက်အခံအင်အားစုများအကြား
တောက်လောင်နေဆဲအနှစ်၅၀ကျော်ကြာခဲ့ပြီဖြစ်တဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။
ဒီတိုင်းရင်းသားတွေဒေသတွေကတိုင်းရင်းသူအမျိုးသမီးတွေနှင့်
မိန်းကလေးတွေ၊တချို့ဆိုရင်ဆယ်နှစ်အရွယ်လောက်သာရှိသေးတဲ့
မိန်းကလေးတွေဟာတပ်မတော်သားတွေရဲ့အဓမ္မပြုကျင့်ခြင်းများကိုခံနေရပါတယ်။
အဲဒီတပ်မတော်သားတွေဟာလည်းသူတို့ကျူးလွန်နေတာတွေအတွက်ဥပဒေအရ
အရေးယူခံရခြင်းမျိုးမရှိပါဘူး။တပ်မတော်သားများဟာသူတို့ရဲ့စစ်
ပစ္စည်းတွေနှင့်စားနပ်ရိက္ခာတွေသယ်သူဖို့အတွက်အမျိုးသမီးများကို
ပေါ်တာအဖြစ်နဲ့နေ့ဖက်မှာခိုင်းပါတယ်။ညဖက်မှာတော့
လိင်ဖျော်ဖြေဖို့အတွက်ခိုင်းပါတယ်။သက်သေအထောက်အထားများကို
ဖျောက်ဖျက်ဖို့အတွက်ရက်စက်စွာသတ်ဖြတ်ခံကြရခြင်းဖြင့်
အမျိုးသမီးအများစုဟာဆုံးကြရပါတယ်။
နောက်ပဋိပက္ခကြီးကတော့ငြိမ်းချမ်းသောနည်းလမ်းဖြင့်လွတ်လပ်မှု၊
တရားမျှတမှုနှင့်ဒီမိုကရေစီတောင်းဆိုနေကြတဲ့လက်နက်မဲ့
ပြည်သူပြည်သားများနှင့်မိမိပြည်သူပြည်သားများကိုလက်နက်
အားကိုးအုပ်ချုပ်နေတဲ့စစ်အာဏာရှင်များအကြားဖြစ်ပွားနေတဲ့အနှစ်၂၀ကြာတိုက်ပွဲ
ဖြစ်ပါတယ်။
လှုပ်ရှားသူအမျိုးသမီးများစွာဟာရိုက်နှက်ခံကြရ၊ဖမ်းဆီးခံကြရ၊
ညဉ်းပမ်းခံကြရပြီးနောက်မှာတော့အကျဉ်းထောင်များထဲမှာ
နှစ်ပေါင်းများစွာထိန်းသိမ်းခံကြပါတယ်။စစ်ဆေးမေးမြန်းသူတွေနှင့်
ထောင်တာဝန်ရှိသူတို့ရဲ့မဖွယ်မရာစော်ကားမှုများ၊နိုင့်ထက်စီးနင်းပြုလုပ်မှုများကို
လှုပ်ရှားသူအမျိုးသမီးအများအပြားကြုံတွေ့ကြရပါတယ်။
အမေဖြစ်သူကိုဖမ်းဆီးနိုင်ဖို့အတွက်အဏာပိုင်တွေဟာကလေးတွေကို
ဓားစာခံအဖြစ်အသု့းချတာတွေလည်းရှိပါတယ်။အကျဉ်းထောင်ထဲမှာ
မိခင်နှင့်အတူရှိနေတဲ့ကလေးတွေ၊အကျဉ်းထောင်ထဲမှာပဲမွေးဖွားတဲ့ကလေးတွေ
အမြောက်အများရှိပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်နှင့်မုန်တိုင်းအပြီးငတ်မွတ်မှုတွေ
ကူးစက်ရောဂါတွေနဲ့သေပါလေ့စေဆိုပြီးစစ်အာဏာပိုင်တွေကပစ်
ထားတာကြောင့်ဆိုးဝါးစွာဒုက္ခရောက်နေကြရတဲ့လူဦးရေနှစ်သန်းခွဲအနက်မှာ
အနည်းဆုံးတသန်းကျော်ဟာအမျိုးသမီးနှင့်မိန်းကလေးတွေပါ။
မုန်တိုင်းဘေးမှအသက်အန္တရာယ်လွေတ်မြောက်ခဲ့တဲ့ကိုယ်ဝန်ဆောင်မိခင်
သုံးသောင်းခွဲကျော်မှာအလွန်တရာစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့
ကုသမဂ္ဂမှကျွမ်းကျင်သူတဦးကအခုရက်ပိုင်းအတွင်းမှာပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ဗိုလ်ချုပ်ကြီးတွေဆီကကူညီစောင့်ရှောက်မှုကတော့
သူတို့တွေလုံဝမရကြပါဘူး။

(၆)
အခုဆွေးနွေးပွဲအတွင်းမှာဒေါက်တာရိုက်စ်နှင့်ကုလသမဂ္ဂ
လုံခြုံရေးကောင်စီမှအခြားခေါင်းဆောင်များအနေနဲ့မြန်မာ
အမျိုးသမီးတွေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်အလေးအနက်
ထားဂရုပြုကြလိမ့်မယ်လို့ကျမျှော်လင့်ပါတယ်။ဆုံးဖြတ်ချက်၁၃၂၅ဟာ
ထူးခြားတဲ့တိုးတက်မှုတခုပါ။
ဒါပေမဲ့လည်းဒီဆုံးဖြတ်ချက်ကိုအကောင်အထည်ဖေါ်မှုနှင့်
အကျိုးသက်ရောက်မှုရှိအောင်ဆောင်ရွက်မှေုတွေကတော့
မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။အစိုးရကိုယ်နှိုက်က
လူ့အခွင့်အရေးချိုးဖောက်သူဖြစ်နေခဲ့ရင်၊မုဒိမ်းမှုများကျူးလွန်ဖို့နှင့်
လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့အကြမ်းဖက်မှုမျိုးကဲ့သို့သို့သော
လူသားမဆန်သည့်ရာဇ၀တ်မှုများကိုကျူးလွန်ဖို့ညွန်ကြားနေခဲ့သူဖြစ်ခဲ့ရင်
ကျမတို့မြန်မာအမျိုးသမီးတွေကိုဘယ်သူကအကာအကွယ်ပေးကြမှာလဲ။
သူတိုရဲ့ဆိုးဝါးလှတဲ့ကံကြမ္မာကိုဘယ်သူကကယ်တင်ပေးမှာလဲ။
ကလေးတွေနှင့်အမေတွေပျော်ရွှင်စွာပြန်ပေါင်းထုပ်နိုင်ဖို့ဘယ်သူက
အာမခံဆောင်ရွက်ပေးမှာလဲ။အချို့ဗြူရိုကရက်တွေရဲ့”ပျားရည်နဲ့ဝမ်းချ”တဲ့
မူဝါဒတွေဟာအလွန်ရှက်စရာပါပဲ။မြန်မာအမျိုးသမီးတွေကိုချက်ချင်း
လက်ငင်းကူညီဖို့အတွက်မဖြစ်မနေလိုအပ်နေတာကတော့ဖြစ်ပါတယ်။
ဆွေးနွေးတာတွေတော်ပါတော့။အရေးယူမှုတွေစလုပ်ကြပါတော့။
ကျမသမီးလေးနဲ့ကျမ
ပျော်ရွှင်စွာပြန်လည်ဆုံစည်းပါရစေ။

နီလာသိန်း
၈၈မျိုးဆက်ကျောင်းသားများ
ရန်ကုန်၊မြန်မာနိုင်ငံ။
မိုးမခမှတင်ပြသည်။



0 comments: