Monday, June 23, 2008

၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်ဆင်ရေးလုပ်နေ

ရန်ကုန်၊ ဇွန်လ (၂၃) ရက်၊ ၂၀၀၈
အမည်မဖော်လိုသော ရန်ကုန်သားတဦး၏ ပြောပြချက်အရ စစ်ခေါင်းဆောင်များဟာ ၂၀၁၀ ရွေးကောက်ပွဲကို ပြင်ဆင်သည့်အနေဖြင့် လက်ရှိလုပ်ကိုင်နေကြသည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးနှင့် ပတ်သက်ဖူးသူများ၊ ရပ်ကွက်ထဲတွင် ကိုယ်ကျိုးမဖက် စေတနာသက်သက်ဖြင့် ပြည်သူ့အကျိုး ဆောင်ရွက်နေသူများကို နှိပ်ကွပ်ရန်အတွက် စစ်ဆင်ရေးအသွင်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
၎င်းတို့၏ အစီအစဉ်တွင် ချောင်းမြောင်းရိုက်နှက်ခြင်း၊ အမည်မသိ လူတစုဖြင့် အင်အားသုံးကာ ပြန်ပေးဆွဲအကြမ်းဖက်ခြင်း၊ လိုအပ်လျှင် လူကိုပင် အစဖျောက်ပစ်ခြင်းများ ပါဝင်သည်။ အဓိက ကြိုးကိုင်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်ဖြစ်ပြီး ၄င်း၏အမိန့်အရ ထောက်လှမ်းရေး၊ စသုံးလုံး၊ ရဲ၊ လုံထိမ်း၊ မီးသတ်၊ စွမ်းအားရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များကို စနစ်တကျ အဆင့်ဆင့် အသုံးချနေကြောင်းလည်း ဆက်လက်သိရှိရသည်။

သူကဆက်လက်၍ ဖြစ်နိုင်ခြေများကို ပြောပြရာတွင် “အခုပဲ ကြည့်လေ ဒီဇွန်လ (၄) ရက်နေ့မှာ ကိုဇာဂနာကို ဖမ်းတယ်။ ဖမ်းတယ်ဆိုတာထက် ဘယ်ထားမှန်း မသိရတော့ ပြန်ပေးဆွဲထားတယ်လို့ ပြောရင်ရမလားပဲ။ သူ (ကိုဇာဂနာ) ဆိုရင် ပြည်တွင်းမှာလဲ တကယ့်နာမည်ကြီးဗျာ..။ နောက် လုပ်နေတာကလဲ တကယ်ဒုက္ခရောက်သူတွေကို ကူညီနေတဲ့အလုပ်..။ ပြီးတော့ ကိုဇော်သက်ထွေး၊ ကိုအောင်ကျော်ဆန်း.. အများကြီးပဲဗျာ..။ လူငယ်တွေရော အခုသူတို့ကို ပြန်ပေးဆွဲထားတယ်..။ ဘယ်မှာဆိုတာ သူတို့ကလွဲလို့ မိသားစုတောင် သိခွင့်မရဘူး..။ ဟိုနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲလုပ်တုန်း ရဲတွေ၊ လုံခြုံရေးတွေ ချထားရက်နဲ့ ၀င်ရိုက်ပြီး လူလေးယောက် ဖမ်းသွားတယ်ဗျာ..။ ဘယ်လောက် မင်းမဲ့စရိုက်ဖြစ်နေတယ်ဆိုတာ အထင်အရှားပဲ..။ ဒီလုံခြုံရေးချထားတဲ့ ရဲတွေ..၊ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေနဲ့ တစိတ်ထဲတဉာဏ်ထဲဆိုတာ ထင်ရှားနေတယ်..။ ဒါတွေကို ထောက်သောအားဖြင့် သူတို့လုပ်ရပ်က တအားပေါ်လွင်နေပြီ..။ ဒါကို ကမ္ဘာကလဲ ဒီအတိုင်းကြည့်နေတော့မှာလား..” ဟု ၄င်းအမည်မဖော်လိုတဲ့ ရန်ကုန်သားက ပြောပြသွားသည်။
ထို့ကြောင့် ချောင်းမြောင်းရိုက်နှက်မှုများ၊ ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီး (ပြန်ပေးဆွဲမှု) များ၊ လက်စဖျောက်ခြင်းများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် သတိဝီရိယကြီးစွာထားပြီး နေထိုင် လုပ်ကိုင် ဆောင်ရွက်သင့်ကြောင်း သတင်းရရှိသည်။


0 comments: