Wednesday, June 4, 2008

အလှူခံခြင်းကို လုံထိန်းရဲများဖြင့် တင်းကျပ်စွာစောင့်ကြပ်

မိုးအောင်တင်/ဒေးဒရဲ | ဇွန် ၄၊ ၂၀၀၈

မုန်တိုင်းဒဏ်ကြောင့် နေအိမ်ဆုံးရှုံး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဒေးဒရဲ မြို့နယ်မှ ဒုက္ခသည်များလမ်းပေါ်တက်ရောက်၍ အလှူပစ္စည်း များ လက်ခံနိုင်ခြင်းမရှိရန် လုံထိန်းရဲ အင်အားများစွာ ကားလမ်းတလျှောက် စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

မုန်တိုင်းတိုက်ခတ်ပြီး တပတ်ခန့်မှစတင်ကာ ရန်ကုန်မြို့မှစေတနာရှင်များက ကားကြီးကားငယ်များဖြင့်နေ့စဉ် ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့နယ်များဆီသို့ သွားရောက်ပြီး ကားလမ်းတလျှောက် ဝေငှလျက်ရှိခြင်း ကို စစ်အစိုးရမှပြီးခဲ့သည့်လ နောက်ဆုံးပတ်တွင် တားမြစ်ခဲ့သည်။

မကြာသေးခင်က တွံတေး ကော့မှူးလမ်းခွဲမှ စတင်ကာ ဒေးဒရဲ မြို့အထိ မိုင်၃၀နီးပါး ကားလမ်းတလျှောက်တွင် လုံထိန်းရဲ များက ရဲကားများ၊ လမ်းဘေးယာယီတဲများဖြင့် ဒုက္ခသည်များ လမ်းပေါ်ထွက်မလာနိုင်ရန် မိုးလင်းမှ မိုးချုပ်ထိ အင်အား ရာနှင့်ချီ၍ စောင့်ကြပ်နေသည်ကို တွေ့ရသည်။

အလှူပေးရန်နေရာဟူသည့် ဆိုင်းဘုတ်အနီဖြင့် လမ်းညွှန်ထားသည့် ဒုက္ခသည်စခန်းများတွင်သာ အလှူရှင်များ လှူဒါန်း နိုင်ပြီး ကားလမ်းနံဘေးတွင် တွေ့ရသည့် ဒုက္ခသည်များအား လှူဒါန်းခွင့်မရှိဟုလည်း ယမန်နေ့က သွားရောက်ခဲ့သူတဦးက ပြောဆိုသည်။

ကွမ်းခြံကုန်းမြို့အလွန် ဒေးဒရဲ ကားလမ်းအနီးရှိ တောကျောင်းရွာရှေ မြေသားလမ်းပေါ်တွင်အလှူရှင်ကားများကို စောင့်ဆိုင်းနေကြသည့် လူအုပ်စုထဲမှ မအမာစိန်က “ကျမက မုန်တိုင်းမတိုင်ခင်က ဘောက်(ကျဘမ်း) လုပ်တယ်၊ အခု လယ်တွေလည်း ဘယ်သူမှ မလုပ်နိုင်၊ ကွမ်းခြံတွေလည်း ပျက်ပြီး ဘယ်သူမှ ပြန်မလုပ်နိုင်သေးတော့ ဘာ အလုပ်မှ မရှိဘူး၊ ဒီလိုအလှူရှင်တွေလာဝေတဲ့ ဆန်လေး၊ စားစရာလေးတွေကိုပဲ အားကိုးနေရတာပေါ့၊ ရယက က တဆင့် ဝေတဲ့ ဆန်ဆိုတာ သုံးပတ်အတွင်း ၂ပြည်ကျော်၃ပြည်ပဲ ရဖူးသေးတယ်။ တခြားဘာမှမရဘူး၊ ကလေး လေးယောက်နဲ့ သူတို့ ဝေတဲ့ဆန် ဘယ်လိုလုပ်လောက်ပါ့မလဲ၊ ဟိုအရင်ရက်တွေကတော့ ကားလမ်းဘေး မှာ သွားစောင့်တယ်၊ ပြီခဲ့တဲ့လ ၂၄ ရက်နေ့ နောက်ပိုင်းမှာ ရဲတွေချထားပြီး ဖမ်းမယ်ဆိုတာနဲ့ လမ်းမ မထွက်ရဲတော့ ဘဲ၊ ရွာအ၀င်လမ်းမှာပဲ စောင့်နေကြရတာ” ဟုပြောဆိုသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း ဖျာပုံဘက်သို့ အလှူပစ္စည်းဝေငှရန်သွားရောက်ခဲ့သည့် အလှူရှင်တဦးက“ဒီလို ရဲတွေနဲ့စောင့် နေတာ တော်တော်ဆိုးတယ်။ ရဲတွေ၊ စစ်သားတွေက လူတွေဒုက္ခရောက်မယ့်အချိန်မှာ ကူညီလုပ်ကိုင် ပေးတာမဟုတ်ဘဲ ဒုက္ခသည်တွေကို ကားလမ်းပေါ် ထွက်မလာအောင် လက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ လုပ်ရပ်က တလောက သီတဂူ ဆရာတော်ဟောတဲ့တရားထဲကလိုပဲ အနတ္တကုသလ (အကျိုးမဲ့လုပ်ရပ်များတွင် ကျွမ်းကျင်ခြင်း) ဆိုတဲ့ စကားလုံးနဲ့ ကွက်တိပဲ” ဟုဝေဖန်ပြောဆိုသည်။

ဧရာဝတီမှတင်ပြသည်။

0 comments: