Thursday, May 22, 2008

အကျယ်ချုပ်ခံနေရတဲ့ မအူပင် မုန်တိုင်းဒုက္ခသည်များဘဝ

*

ဘိုကလေးဘက်က လေဘေးဒုက္ခသည်တွေ မအူပင်ကို အတင်းအကျပ် ပို့နေတယ်။ ခုဆို ၄-၅ ထောင်လောက်တောင် ရောက်နေပြီဆိုတဲ့ သတင်းတွေကို ပြည်ပ အသံလွှင့်ရေဒီယိုတွေကနေ တဆင့် ကြားပြီးတဲ့နောက် အဲဒီဒုက္ခသည်တွေကို ကိုယ်တတ်နိုင်သလောက် သွားပြီး အကူအညီ ပေးချင်စိတ်တွေ ဖြစ်ပေါ်မိပါတယ်။မှတ်မှတ်ရရ မေလ (၁၆) ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ မနက် (၁၀) နာရီလောက် မအူပင်သွားဖို့ ကျမတို့မိသားစု ကားလေးနဲ့ ရန်ကုန်ကနေ ထွက်ခဲ့ပါတယ်။ အောင်ဇေယျတံတားကို ကျော်ပြီး ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်အရောက် ထူးခြားတာ တခု စပြီး တွေ့ပါတယ်။ အဲဒါကတော့ လေဘေးကယ်ဆယ်ရေးပစ္စည်းတွေ တင်ထားတဲ့ စစ်ထရပ်ကား အစီး (၂၀) လောက် အုပ်စုဖွဲ့ပြီး ဧရာဝတီတိုင်းဘက်သွားဖို့ တန်းစီရပ်ထားတာတွေပါ။
အဲဒီကားတန်းကြီးကို ကျော်ပြီး ထန်းတပင်မြို့နယ်ထဲမှာတော့ ပထမဦးဆုံး စစ်ဆေးရေးဂိတ်ကြီး တခု စတွေ့ပါတယ်။ ကားရပ်ရပ်ခြင်း ယူနီဖောင်းဝတ် ရဲတွေ၊ အရပ်ဝတ် လုံခြုံရေးတာဝန်ရှိသူတွေ ကားအနား ကပ်လာပြီး ဦးဆုံး မေးတာကတော့ နိုင်ငံခြားသား ပါသလားတဲ့၊ ပြီးတော့ ကားထဲကို မျက်စိတောင်းမှောက် အသေအချာ ကြည့်ကြပါတယ်၊ နောက် တဆက်တည်း မေးပါတယ်။ ဘယ်ကိုသွားမလို့လဲ၊ ဘာသွားလုပ်မလို့လဲ၊ မှတ်ပုံတင် ပါသလား စသဖြင့် စုံနေအောင် မေးပါတော့တယ်။

ဒါပေမယ့် သိပ်မကြာပါဘူး၊ နောက်ထပ် (၁၀) မိနစ်လောက် ခရီးမှာ နောက်ထပ် စစ်တပ် စစ်ဆေး ရေးဂိတ် တခုကို ရောက်ပြန်ပါတယ်။ အဲဒီဂိတ်မှာတော့ ကျမတို့ ရှေ့မှာ ရောက်နှင့်နေတဲ့ နိုင်ငံခြား သားပါတဲ့ ဆလွန်းကားဖြူတစီးကို အသေအချာ စစ်ဆေးနေတာ တွေ့ရပါတယ်။ နိုင်ငံခြားသား ကလည်း စာရွက်စာတမ်းတွေ အထောက်အထားတွေ အများအပြား ထုတ်ပြပြီး ပြောနေတာတော့ တွေ့ပါတယ်၊ ဘာတွေလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မကြားရပါ၊ ကျမတို့ကား ထိုးဆိုက်လိုက်တော့ ထုံးစံအတိုင်း စစ်သားတွေ ရောက်လာပြီး အလောတကြီး မေးကြတာကတော့ နိုင်ငံခြားသား ပါသလား ဆိုတဲ့ မေးခွန်းပါပဲ၊ ဒါဆို ရေဒီယိုက ကြားရတဲ့ သတင်းတွေ မှန်နေပြီပေါ့။

အဓိပ္ပာယ်ကတော့ အစိုးရဟာ နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ၊ လုပ်သားတွေကို တိုင်းပြည်ထဲ ၀င်ခွင့်ဗီဇာထုတ်မပေးဘဲ ပိတ်ပင်ထားတဲ့အပြင် နိုင်ငံခြားသားတွေ ဧရာဝတီတိုင်းထဲ မသွားနိုင်အောင် စစ်ဆင်ရေးအသွင် ပိတ်ဆို့ဆောင်ရွက်နေပြီဆိုတာပါပဲ။

ကျမတို့ ကားစစ်ဆေးပြီးလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ စောစောကတွေ့ခဲ့တဲ့ နိုင်ငံခြားသား ပါတဲ့ ဆလွန်းကားအဖြူလေးဟာ ရန်ကုန်ဘက်ကို ပြန်လှည့်နေပါပြီ၊ နောက်ထပ် နာရီဝက်လောက် မှာ မဲဇလီ တံတားဆိုတာ ရောက်ပြီး ရဲဂိတ်တဂိတ်နဲ့ ထပ်တွေ့ပါတယ်၊၊ ဒီဂိတ်ကလည်း ထုံးစံ အတိုင်း ကားကို ရပ်ခိုင်းပြီး နိုင်ငံခြားသား ပါမပါ မေးပါတယ်၊ ကားကိုစစ်ဆေးပြီးတော့ သွားခွင့် ပြုပါတယ်။ ဒါဟာ တတိယမြောက် စစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။

ကားလမ်းဟာ မအူပင်ဘက် လမ်းခွဲအတိုင်း ချိုးဝင်တဲ့ အချိန်ကစ နည်းနည်း ဆိုးစ ပြုလာပါတယ်။ လမ်းတလျှောက်မှာ ဂိတ်အနေနဲ့ မဟုတ်ဘဲ လုံခြုံရေးရဲတွေ ချထားတာ (၁၅) မိနစ် နာရီဝက် တကြိမ်လောက် ဟိုတစု ဒီတစု တွေ့ရပါတယ်၊ မအူပင်တံတား ခြေရင်းရောက်တော့ စတုတ္ထ မြောက် ဂိတ်ကို ဆုံရပါတယ်၊ ထုံးစံအတိုင်း နိုင်ငံခြားသား ပါ မပါ မေးတာပါပဲ။

မအူပင်မြို့ထဲ ၀င်လာတော့ မြို့ငယ်လေးနဲ့ မလိုက်အောင် လုံခြုံရေးရဲတွေ မြို့အနှံ့မှာ ဟိုတစု ဒီတစု တွေ့ရပါတယ်။ လေဘေးဒုက္ခသည်တွေကို ဘယ်မှာ ထားသလဲလို့ မြို့ခံတွေကို မေးကြည့်တော့ မဟာဇေဗာဓိကျောင်း၊ အထက(၁)၊ အထက(၂) နဲ့ နေရာ (၈) ခုမှာ စခန်း(၈) ခု ဖွင့်ထားတယ်လို့ ပြောပြကြပါတယ်၊ မအူပင်မြို့မှာ ချထားတဲ့ရဲတွေကတော့ ဒုက္ခသည်တွေကို နိုင်ငံခြားသားတွေ လာမတွေ့ရအောင် စောင့်ကြည့်ဖို့ အခြားမြို့တွေကနေ ပို့လာတဲ့ ရဲတွေလို့ ပြောပြကြပါတယ်၊ ကျမတို့ကတော့ ဒုက္ခသည် အများဆုံးရှိတဲ့ မဟာဗောဓိကျောင်းကို သွားကြပါတယ်။
ကျောင်းနားကို ရောက်ရင်ပဲ လူအုပ်ကြီးကို တွေ့ပါတယ်။ ဓမ္မာရုံထဲမှာ ထည့်ထားတဲ့ ဒုက္ခသည် တွေကို ကြည့်ရှုဖို့နဲ့ ဒုက္ခသည်တွေကို ကူညီဖို့ အနုပညာသည်တွေ ရောက်လာရင် ကြည့်ရှုဖို့ ၀ိုင်းအုံ စောင့်နေတဲ့ မြို့ခံလူအုပ်ပါ။ သူတို့ကိုထားတဲ့ ဓမ္မာရုံ ပတ်ပတ်လည်မှာ ရဲအစောင့်အရှောက် (၁၀) ယောက်ကျော် ချထားပြီး တံခါးတွေ အားလုံးကိုလည်း ပိတ်ထားပါတယ်၊ တံခါးဝတိုင်းမှာလည်း လုံခြုံရေးရဲတွေ စောင့်ကြပ်နေပါတယ်။ ဒီနေရာဟာ လေဘေးဒုက္ခသည် တွေကို ထားရာနေရာနဲ့ မတူပဲ အကျယ်ချုပ်ချထားတဲ့ ရဲဘက်စခန်းတခုနဲ့ တူနေတယ်လို့တောင် ကျမ ခံစားရပါတယ်။

ဓမ္မာရုံထဲမှာတော့ လေဘေးဒုက္ခသည်တွေကို တွေ့ရပြီး ညာဘက် တံခါး အတွင်းမှာတော့ ကြီးကြပ် သူတွေလို့ ယူဆရသူ တစုကို တွေ့ရပါတယ်။ သူတို့က ဒုက္ခသည်တွေကို အသံချဲ့ စက်ကနေ တဆင့် လိုအပ်တာ အမိန့်ပေးနေပါတယ်၊ ကျမတို့ ရောက်ရောက်ခြင်း ကြားရတဲ့ စကားက “ဘာမှ အလုပ်မရှိရင် ငြိမ်ငြိမ် ထိုင်နေ။ ထိုင်လိုက် ထလိုက် လုပ်မနေကြနဲ့။ ဗမာလို ပြောနေတာ နားမ လည်ဘူးလား။ အင်္ဂလိပ်လို ပြောရမလား” ဆိုတဲ့ လော်စပီကာထဲက ထွက်လာတဲ့ ခပ်ကြမ်းကြမ်း စကားပါ။

ကျမတို့က အဲဒီကြီးကြပ်သူတွေကို သွားတွေ့ပြီး ပစ္စည်းနည်းနည်း လှူချင်တဲ့အကြောင်း ပြောပြ ပါတယ်၊ သူတို့ကတော့ သူတို့ကို လှူခဲ့ပါ၊ သူတို့က တဆင့် လှူပေးမယ်လို့ ပြောပါတယ်၊ သူတို့ ထိုင်နေတဲ့ နောက်ဘက်မှာ ရေသန့်ဘူးတွေ၊ မုန့်တေ၊ အိုးခွက်တွေ၊ အ၀တ်ထုပ်ပုံတွေကို မြင်ရပြီး ဒုက္ခသည်တွေကို ပေးဝေခြင်း မရှိသေးဘူးလို့ ယူဆရပါတယ်၊ ကျမတို့ကတော့ ဒုက္ခသည်တွေကို ကျမတို့ကိုယ်တိုင် ပေးချင်တဲ့အကြောင်း၊ ခွင့်မပြုရင် အခြားမှာ သွားလှူမယ် ဖြစ်ကြောင်း ပြော တော့ သူတို့က ခွင့်ပြုပါတယ်။ ဒီတော့မှ ကျမတို့လည်း ပါလာတဲ့ ရေသန့်ဘူးတွေ။ မုန့်တွေ။ စောင် ခြင်ထောင်တွေ၊ အ၀တ်အစားတွေကို ကားပေါ်ကချ၊ အထုပ်တွေ ဖြည်ပြီး တယောက်စီ ပေးဝေ
ကြပါတယ်၊ ကျမတို့ထဲက တယောက်က ပစ္စည်းဝေနေတာကို ဓာတ်ပုံရိုက်တော့ ဒီစခန်းနဲ့
ပတ်ဝန်းကျင်ကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခွင့်မပြုကြောင်း အသံချဲ့စက်ကနေ တဆင့်အော်ပါတယ်၊ ဒါနဲ့ပဲ မှတ်တမ်းတင် ဓာတ်ပုံရိုက်တာ ရပ်လိုက်ရပါတယ်။

ဒီကယ်ဆယ်ရေးစခန်းမှာ စုစုပေါင်း လူ (၄၀၀) ကျော် ရှိပါတယ်။ လက်ရှိ မအူပင်မြို့မှာ စခန်း
(၈) ခု ဖွင့်ထားပြီး လူပေါင်း (၆၀၀၀ - ၇၀၀၀) လောက် ရောက်နေမယ် ခန့်မှန်းကြပါတယ်။

ဒီဒုက္ခသည် စခန်းရောက်နေတဲ့ လေဘေးဒုက္ခသည်တွေဟာ အခြား မုန်တိုင်းဒဏ်ခံ အရပ်ဒေသက အမိုးမရှိ၊ အကာမရှိ၊ ၀တ်စရာမရှိ ဒုက္ခရောက်နေဆဲ လူတွေနဲ့ စာရင်တော့ နည်းနည်း သက်သာ ပါတယ်။ လုံခြုံတဲ့ အမိုးအကာအောက်တော့ ရောက်နေပါပြီ။ စခန်းက ချက်ပြုတ်ကျွေးတဲ့ ထမင်းကို ငါးပိရေ၊ ကန်စွန်းရွက်နဲ့တော့ စားနေရပါပြီ။

ထူးခြားတာ တခုက ရန်ကုန်မြို့နဲ့ မိုင် (၅၀) ၀န်းကျင်၊ (၃) နာရီလောက် ခရီးပဲ ကွာဝေးတဲ့တိုင် ဘယ်လို နိုင်ငံတကာ အကူအညီ အစားအသောက်ကိုမှ မရရှိခြင်းပါ။ ဒါတင်မက ပတ်ပတ်လည်မှာ တံခါးတွေပိတ် ရဲအစောင့်တွေ ချထားပြီး အကျဉ်းကျသူတွေလို နေထိုင်နေရခြင်းပဲ ဖြစ်ပါတယ်။

ကျမတို့ ရေသန့်၊ မုန့်နဲ့ အ၀တ်အစားတွေ ဝေစဉ် သတိထားမိတာက ဘယ်သူမှ ထလာပြီး မယူကြတဲ့ အချက်ပါ. နောက်မှ သိရတာက သူတို့ကို ထသွားထလာ၊ ဟိုဟိုသည်သည် သွားတာကိုတောင် ခွင့်မပြုဘဲ ထိုင်ရင်ထိုင်၊ အိပ်ချင်အိပ်နေဆိုပြီး ခိုင်းထားလို့ ဒီအတိုင်း နေကြရတာပါလို့ ဖြေကြပါတယ်။

လူတိုင်းဟာ ရင်ဘတ်မှာ ဒုက္ခသည်အမှတ်စဉ် ကပ်ပြားတွေ ချိတ်ထားရပြီး အပြင် ထွက်ခွင့်ကို လည်း တားမြစ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်၊ လှူမယ့်လူတွေလာရင်လည်း အလှူပစ္စည်း ကိုသာ လက်ခံပြီး စကားများများ မပြောဖို့ ပိတ်ပင်ထားပါတယ်။ ဒါတင်မက ဒီဒုက္ခသည်တွေထဲမှာ ဒုက္ခသည်အစစ်မဟုတ်တဲ့ အာဏာပိုင်တွေက မြှုပ်နှံထားတဲ့ ဒုက္ခသည်အတု သတင်းပေးတွေ လည်း ရင်ဘတ်မှာ နံပါတ်ပြားချိတ်ပြီး နေနေကြကြောင်း ဒုက္ခသည် အမျိုးသမီးတဦးက ကျမကို တိုးတိုးလေး ပြောပြပါတယ်၊ ဒုက္ခသည် အမျိုးသားတဦးကတော့ သူတို့ကို ဒီစခန်းမှာ တလ လောက်ပဲ ထားမှာဖြစ်ကြောင်း။ ပြီးရင် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခိုင်းမယ်လို့ ပြောကြောင်း။ မပြန်ခင် အခြေခံဥပဒေ ထောက်ခံဆန္ဒမဲ ထည့်ရမယ့်အကြောင်း အာဏာပိုင်တွေက ပြောတယ်လို့ ပြောပြပါတယ်၊

သူတို့ကတော့ မိသားစုဝင်တွေနဲ့ သေကွဲကွဲခဲ့ရတဲ့ ဒုက္ခ၊ နေအိမ်၊ ကျွဲ နွား၊ လယ်ယာနဲ့၊ ပိုင်ဆိုင် သမျှတွေ ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခ စတာတွေကြောင့် ဘ၀ခရီးကို ဘယ်လို ရှေ့ဆက်ရမှန်း မသိဘူးလို့ ညဉ်းညူကြပါတယ်။ လှူစရာရှိတာတွေကို ပေးဝေပြီး ကျွန်မတို့ အဲဒီစခန်း (မဟာဗောဓိကျောင်း ဓမ္မာရုံ) က ထွက်ခဲ့ကြပါတယ်။ မြို့ထဲက အထက်တန်းကျောင်းတွေနဲ့ နေရာတချို့မှာ ထားတဲ့ ဒုက္ခသည်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒုက္ခသည်စခန်းတိုင်းကို လုံခြုံရေးရဲတွေ ၀န်းရံ စောင့်ကြပ်နေကြတာ တွေ့ရပါတယ်။ ကျောင်းဝရန်တာတွေမှာ ပြူတင်းပေါက်တွေမှာ ဒုက္ခရောက် ပြီးနောက် မသေမပျောက် ကျန်ရစ်ပေမယ့် လက်ရှိ အကျဉ်းသားတွေလို နေထိုင်နေရတာကို နားမလည်နိုင်တဲ့ မျက်လုံးပေါင်းများစွာကို မြင်ကြရပါတယ်။

မအူပင်မြို့က ကျမတို့ ပြန်ထွက်တော့ နေစောင်းနေပါပြီ။ လမ်းမှာ မန္တလေးဘက်ကနေ ကယ်ဆယ် ရေး ပစ္စည်းတွေ တင်လာပြီး ဘိုကလေး ဖျာပုံဘက်သွားနေတဲ့ ဆရာတော်တွေ ဦးစီးတဲ့ ကားကြီး တွေကိုလည်း အများကြီး တွေ့ရပါတယ်၊ ဘယ်ဆီကို ရောက်မယ်မှန်း မသိတဲ့ နိုင်ငံတကာ အကူ အညီပစ္စည်းတွေ တင်ဆောင်လာတဲ့ အစိုးရ စစ်ထရပ်ကား တချို့ကိုလည်း လမ်းမှာ တွေ့ရပါတယ်။ ရန်ကုန် အပြန်လမ်းမှာတော့ အလာတုန်းကလို စစ်ဆေးတာမျိုး လုံးဝ မတွေ့ကြရတော့ပါဘူး။

အရင်တုန်းကဆို ရန်ကုန်အ၀င်ကို အကြီးအကျယ် စစ်ဆေးသလောက် ခုတော့ ဧရာဝတီတိုင်း
အ၀င်ကို ပိုက်စိပ်တိုက် စစ်ဆေးနေတာကတော့ အတော့်ကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်အစိုးရကတော့ ဧရာဝတီတိုင်းကို သတင်းအမှောင်ချဖို့ ကြိုးစားနေပါပြီ။ နိုင်ငံတကာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ဖို့ လုပ်နေပြီဆိုတာ ကျမကိုယ်တိုင် မြင်ခဲ့ရတဲ့ခရီးပါ။

type the rest of your post here

0 comments: