Wednesday, May 28, 2008

ကွမ်းခြံကုန်းက အပြန်




(ဒုက္ခတောထဲက သနပ်ခါးအဖွေးသားနဲ့ ကလေးတွေရဲ့ အပြုံးမှာ၊ ပြန်ရသူ မျက်ရည်စတွေနဲ့)
မိုးမခ
မေ ၂၈၊ ၂၀၀၈

မေး - စင်္ကာပူကို ပြန်ရောက်ပြီလား ညီမလေး။

ဖြေ - ပြန်ရောက်ပြီ အမရေ။ အစကတော့ နိုင်ငံခြားသားတွေနဲ့ အတူသွားဖို့၊ နောက်တော့ သူတို့တွေကို ဗီဇာ မပေးတော့ ကျမတို့ မြန်မာတွေပဲ အရင် သွားကြတယ်။ ရသမျှ အလှူခံရသမျှတွေ စုပြီးတော့ပေါ့။

မေး - ဟိုက ကယ်ဆယ်ရေးအဖွဲ့ကြီးက စီစဉ်ပေးတဲ့အတိုင်း ခရီးစဉ်ကို သွားဖြစ်သလား။

ဖြေ - သွားဖြစ်ပါတယ်။ ကျမတို့က ဒုက္ခသည်တွေ ကူညီရေးအတွက် အတွေ့အကြုံတွေ လိုအပ်နေတယ်။ သူတို့မှာက စေတနာရှင်လုပ်အားပေးတွေ လိုအပ်တယ်။ သူတို့ ကျွမ်းကျင်သူတွေ အင်အားနည်းနေချိန်မှာ ကျမတို့တို့ ရောက်လာတော့ တအားပေါ့နော်။

မေး - ဘယ်နေရာတွေ ရောက်ခဲ့သလဲ။ ဘာတွေ တွေ့ခဲ့ရသလဲ။

ဖြေ - ရောက် ရောက်ချင်း ပထမဦးဆုံး ၂ ရက်မှာ ကွမ်းခြံကုန်း၊ ကော့မှူးကို သွားရပါတယ်။ လေဘေး ဒုက္ခသည်တွေ အများကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာ။ ရင်ထဲမှာ ဆို့သွားတယ်။ ကျမတို့ မြန်မာတွေ … ဒုက္ခရောက်နေတာ … စားရမဲ့၊ သောက်ရမဲ့၊ နေရာမဲ့။ အများကြီးပဲ။

မေး - သူတို့တွေ ဘယ်မှာ နေ နေကြတာကို ပထမဦးဆုံးတွေ့ရတာလဲ။

ဖြေ - ဘုန်းကြီးကျောင်းတွေမှာပါ။ ဘုန်းတော်ကြီးတွေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ အားကိုးတကြီးနဲ့ တိုးဝှေ့ခိုလှုံနေကြရတဲ့ ကျမတို့ မြန်မာတွေ။ မျက်ရည်တွေ မစဲသေးဘူး။ သူတို့တွေ …

မေး - ဆရာတော်တွေရဲ့ ကျောင်းတွေမှာ လှူခဲ့ကြသလား

ဖြေ - ဘုန်းဘုန်းတွေက ဒီ့ထက် အရောက်အပေါက်နည်းတဲ့ ကျေးရွာတွေဆီ သွားပြီး ကူညီဖို့ မိန့်ကြားတယ်။ ဒါကြောင့် အစားအသောက်၊ အ၀တ်အစားနဲ့ ဆေးဝါးတချို့ကို ဆရာတော်ဆီမှာ ကပ်ပြီး ခရီးဆက်နိုင်သလောက် ဆက်ခဲ့ရပါတယ်။

မေး - ဘယ်က အကူအညီတွေနဲ့ မြန်မာဒုက္ခသည်တွေ အသက်ဆက်ကြရတာလဲ။

ဖြေ - ပြည်ပက အကူအညီတွေက ချက်ခြင်းကြီး မရောက်သေးပါဘူး။ မြန်မာပြည်သူတွေ အချင်းချင်း လက်ဆင့်ကမ်းတဲ့၊ ရိုင်းပင်းတဲ့ ကိုယ်ချင်းစာပြီး တနိုင်ကူကြတဲ့ အလှူတွေပါ။ ခပ်ကျဲကျဲပဲ ရောက်ပါသေးတယ်။

မေး - ဆိုးဆိုးရွားရွား သေကျေပျက်စီးနေတာတွေကို တွေ့ကြရပြီလား။

ဖြေ - ပထမ စစချင်းမှာ သေဆုံးပျက်စီးနေတာတွေ မတွေ့ရသေးပေမယ့်၊ ကျမတို့ မြန်မာတွေရဲ့ မျက်နှာတွေမှာ ခါးစီးခံထားရတဲ့ ဒုက္ခတွေက ကျမတို့ဆီကို ကူးစက်နေပါပြီ။

မေး - လမ်းမှာ ဘာတွေ တွေ့ရသေးသလဲ

ဖြေ - လမ်းတဖြတ်မှာ ကယ်ဆယ်ရေး တဲ အသစ် ၃၀ လောက် ထိုးထားတာ တွေ့ရတယ်။ တဲ တတဲ အိမ်ထောင်စု ၃ စု ထားမယ်လို့ ဆိုတယ်။ ဒါပေမယ့် တဲနားကို ဘယ်ဒုက္ခသည်မှ မသီနိုင်ပါဘူး။ တဲတလုံးမှာ ဆက်သွယ်ရေးစက်တွေ၊ စစ်သားတွေကို တွေ့ရတယ်။ ဒါကလွဲလို့ ဘယ် ကြံ့ဖွတ်တွေ၊ ဘယ်စစ်သားတွေကမှ မြန်မာဒုက္ခသည်တွေကို ကူညီနေတာ မတွေ့ခဲ့ရဘူး။ အထက်က အမိန့်ကို စောင့်နေတဲ့ ပုံနဲ့ စစ်သားတွေ …

မေး - တခြား ဘယ်တွေကို ရောက်ခဲ့သလဲ

ဖြေ - မြောင်းမြနဲ့ ဖျာပုံဘက်ကိုလည်း သွားဖြစ်ပါတယ်။ အဲဒီလမ်းတလျောက် ချောင်ဘေး၊ မြစ်ဘေးမှာ လူသေတွေ၊ နွားသေတွေဟာ မြင်ကွင်းထဲမှာ အပြည့်ပါပဲ။ လူသေ အလောင်းတွေ ဆိုတာ အစုလိုက်၊ အစုလိုက်နော်။ အလောင်းတွေက ပုပ်ပွနေပါပြီ။

မေး - ဒုက္ခသည်စခန်းတွေ ဆိုတာ ဘာလဲ

ဖြေ - ကျမတို့ မြန်မာတွေရဲ့ ခိုကိုးရာ ဒုက္ခသည်စခန်းဆိုတာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေပါ။ ဘုန်းတော်ကြီးတွေက သူတို့တွေ လုပ်နေတဲ့ ကယ်ဆယ်ရေး အလုပ်တွေကို ပြောပြကြတယ်။

မေး - သူတို့က ဘာတွေ လုပ်ခဲ့ကြပြီးပြီလဲ

ဖြေ - လပ္ပတ္တာအထိ ဘုန်းဘုန်းတွေက ဆင်းပြီး လိုက်ကယ်ကြတယ်တဲ့။ သူတို့ တွေ့သလောက် ခေါ်လာခဲ့တာက အမျိုးသားကြီးတွေ အများစုပဲ။ အမျိုးသမီးတွေ၊ ကလေးတွေကတော့ မုန်တိုင်းအောက်မှာ ပျက်စီးကုန်ကြပြီတဲ့။ မိန်းမတွေ၊ ကလေး သူငယ်တွေကိုလည်း ကယ်ဆယ်ရေး စခန်းတွေမှာ တွေ့ခဲ့ရပါတယ်။ အများစုက အမျိုးသားတွေ များပါတယ်။

မေး - သူတို့တွေ ဘယ်လိုများ ရင်ဆိုင်ကြပါလိမ့်။

ဖြေ - သူတို့မှာ ဘာမှ မရှိတော့ဘူးလေ။ မိသားစုတွေ မရှိတော့ဘူး။ လယ်တွေ၊ မြေတွေ၊ ပစ္စည်းဥစ္စာတွေ၊ ဘာမှ မကျန်ရစ်တော့တဲ့ ကျမတို့ မြန်မာတွေပါ။ သူတို့တွေမှာ တစိမ်းတွေနဲ့ အတူ ဘုန်းကြီးကျောင်းတွေမှာ၊ စာသင်ကျောင်းတွေမှာ အတူ စုဝေးနေကြရတယ်။ အဲဒီမှာ ဆုံးရှုံးရသူတွေ အချင်းချင်း အားပေးလို့၊ အားတင်းလို့ နေ့စဉ် နေထိုင် အသက်ရှုနေကြရတယ်။

မေး - သူတို့တွေကို ညီမလေးတို့တတွေက အားပေးရတာပေါ့နော်။ ညီမတို့ကိုတွေ့တော့ သူတို့ ၀မ်းသာကြမှာပေါ့။

ဖြေ - ကျမတို့တတွေက ဆို့နင့်ကျေကွဲ ၀မ်းနည်းရသူတွေပါ။ သူတို့တွေ မုန်တိုင်းခံတွင်းဝက သေကံမရောက် ကျန်ရစ်ခဲ့ပေမဲ့၊ အစစ ဆုံးရှုံးထားသူတွေကို ကြည့်ပြီး ကျမတို့က ငိုကြရသူတွေ ဖြစ်နေတယ်၊ ဘာမှ မရှိတော့တဲ့ မြန်မာတွေက ကျမတို့တတွေကို ပြန်ပြီးတော့ ဖြေသိမ့်ကြတယ်။ သူတို့တတွေက သူတို့ချစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ထွေးပွေ့ထားပြီးတော့ အဲဒီမှာ ရှိသမျှ၊ ကျန်ရစ်သမျှ အင်အားတွေ စုစည်း ရပ်တည်ကြပြီးတော့၊ ကျမတို့ ဧည့်သည်တွေကို ပြန်အားပေးနေကြတယ်။ မနက်လင်းလို့ရှိရင် ကျမလေ အမကို မြင်စေ့ချင်တယ်။ ကလေးတွေ၊ ကလေးတွေလေ …။ သူတို့တွေကိုလေ သူတို့ကို စောင့်ရှောက်နေတဲ့ လူကြီးတွေက သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပေးထားကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို အိမ်လုပ်ပြီး ခိုနေရတဲ့ ကလေးတွေလေ … သနပ်ခါးတွေ ဖွေးလို့ ကျမတို့ဆီမှာ တန်းစီပြီး စားစရာကို စောင့်နေကြတယ်။ ကျမတို့က မျက်ရည်တွေနဲ့ပါ အမရယ်။ ကျမတို့ ဧည့်သည်တွေက မျက်ရည်တွေနဲ့ …

မေး - ညီမတို့ အကူအညီတွေက ကျေနပ်စရာပါပဲ မဟုတ်ဘူးလား။ လိုအပ်နေတဲ့အချိန်မှာ သူတို့ဆီကို ညီမတို့ အရောက်သွားခဲ့တယ်လေ။

ဖြေ - ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ အမရယ်။ ဒါပေမဲ့ ကျမတို့ အတတ်နိုင်ဆုံးကို လုပ်ခဲ့တာပဲ။ ဆက်လုပ်ရဦးမှာပဲ။ နှမ်းစေ့လေးတွေ တစေ့ချင်း ဆင့်ပါးစပ်ထဲရောက်အောင် ကျမတို့ ကြိုးစားတယ်။ ဆက်ကြိုးစားကြရဦးမယ်။

မေး - အခြား အလှူရှင်တွေ၊ အကူအညီတွေကော တွေ့ခဲ့သေးသလား

ဖြေ - ဖျာပုံက ကုန်သည်တချို့က မိုးစိုစပါးတွေ၊ မိုးစို ကြက်သွန်တွေကို ကျောင်းတွေမှာ လာချပေးသွားတာတွေ့ရတယ်။ စစ်ရဟတ်ယာဉ်တွေက ရေသန့်တွေနဲ့ ဆန်အိတ် ၁၀ အိတ်ကို လေပေါ်က ပစ်ချသွားတယ်။ သူတို့ လုံခြုံရေးကို စိုးရိမ်တယ်နဲ့ တူပါရဲ့။ အဲဒီလိုအလှူတွေကို တသက်စာ စွန့်လွှတ်စွန့်စားပြီး လှူပြီးပြီလို့ ထင်သွားပြီနဲ့ တူရဲ့။ နောက် မတွေ့တော့ဘူး အမရေ။

မေး - သူတို့တွေကို ညီမတို့ ပြန်တွေ့ကြအုံးမှာလား

ဖြေ - ကျမတို့ မြန်မာတွေ ပြန်တွေ့ကြအုံးမယ်။ ပြန်တွေ့ကြအုံးမယ်။ ကောလဟာလ မျိုးစုံကြားထဲမှာ၊ မသေချာ မရေရာမှုတွေ အများကြီးထဲမှာ ကျမတို့ သူတို့ကို ထားခဲ့ရတာ။ စစ်အစိုးရက အလှူငွေတွေ၊ အလှူပစ္စည်းတွေနဲ့ သူတို့လူတွေကို ကယ်ဆယ်တည်ဆောက် ပေးကမ်းဖို့ သိမ်းထားမှာ တဲ့။ သူတို့ ကုမ္မဏီတွေကို ပြန်လည်တည်ဆောက်ရေး လုပ်ကွက်တွေ ချပေးပြီး လုပ်စားဦးမှာတဲ့။ မိဘမဲ့ကလေးတွေကို သူတို့က စစ်သားစုဆောင်းရေးကနေ ခေါ်ပြီး သုံးမှာတဲ့။ လယ်ယာမဲ့တဲ့ အမျိုးသားတွေကို သူတို့လုပ်အားပေး စခန်းတွေမှာ ခေါ်ပြီး ခိုင်းစားမှာတဲ့။ ပြီးတော့ ပင်လယ်ရေ ၀င်ထားတဲ့ မြစ်ဝကျွန်းပေါ်ကို သဘာဝဓာတ်ငွေ့ ရောင်းစားသလို အကွက်ရိုက်ပြီး ထိုင်းတို့၊ အာဆီယံတို့က စီးပွားရေးလုပ်ငန်းရှင်တွေကို ကန်ထရိုက်ပေးပြီး ရောင်းစားအုံးမှာတဲ့။ အဲဒီလို မသေချာမှုတွေကြားထဲမှာ ကျမတို့ မြန်မာတွေကို ကျမတို့ ထားခဲ့ရတယ်။

မေး - ကျမတို့ ဘာတွေ ၀ိုင်းလုပ်ကြမလဲ ညီမရယ်။

ဖြေ - အစိုးရ မရှိတဲ့ တိုင်းပြည်ပါ အမရယ်။ အစိုးရ မရှိတဲ့ တိုင်းပြည်ပါ။ ကျမတို့ တိုင်းပြည်ကို ကျမတို့ သူတို့လက်ထဲက မရ ရတဲ့နည်းနဲ့ ပြန်ယူရမယ်။ မဟုတ်ရင် ကျမတို့ မြန်မာတွေကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ သနပ်ခါးအဖွေးသားနဲ့ ပြုံးနေတဲ့ ကျမတို့ ကလေးတွေ …

မိုးမခမှတင်ပြသည်။

0 comments: